Myanmar Spring Chronicle – February 16 Scenes

MoeMaKa, February 17 2023

Enemy's strategy in another 6 month extension

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ကာ/လုံလို့ ခေါ်ဆိုတဲ့ အစည်းအဝေးလုပ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အာဏာမသိမ်းမီ ကာလ အခြေအနေနဲ့ အာဏာသိမ်းပြီးနောက် ၂ နှစ်တာကာလအတွင်း အခြေအနေတချို့ကို  ရှည်လျားတဲ့ တင်ပြချက်တွေနဲ့ တင်ပြအပြီး သက်တမ်း ၆ လထပ်တိုးဖို့ကို ကာ/လုံ နာမည်ခံပြီး ဆုံးဖြတ်စေခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီကာလမတိုင်ခင်အထိ ရွေးကောက်ပွဲကို စီစဥ်ထားတဲ့အတိုင်း လုပ်တော့မယ့် အရိပ်အယောင်တွေ ပြထားပေမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာတော့ အထက်ပါအတိုင်း ၆ လသက်တမ်းတိုးပြီး လက်ရှိ နစက အဖွဲ့ကို နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာြဖစ်ပါတယ်။ 

ဒီလို ၆ လ သက်တမ်းတိုးလိုက်ပြီးနောက်ရက်မှာပဲ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာတာတွေ လုပ်ခဲ့ပြီး ကုန်ခဲ့တဲ့ ၂ နှစ်တာအတွင်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ၁ ဒါဇင်လောက်သာ ရှိခဲ့ပေမယ့် ခုလို သက်တမ်းတိုးပြီးနောက်မှာ ၃၇ မြို့နယ်ကို ကြေညာလိုက်တာကို ကြည့်ရင် စစ်ရေးအရှိန်မြှင့်ဖို့ ရည်ရွယ်ချက်ကို သိသာထင်ရှားစေပါတယ်။ စစ်ရေးအရှိန်တိုးမြှင့်ဖို့ ရည်ရွယ်တာ မှန်ပေမယ့် မြေပြင်မှာ ဖြစ်နေတဲ့အခြေအနေတွေက စစ်ကောင်စီရဲ့  စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ လျော့ပါးလာနေတာလည်း ဖြစ်ပါတယ်။ အခုလို စစ်အုပ်ချုပ်ရေး ကြေညာခြင်းဟာ စစ်ရေးနယ်မြေတွေ အသားစီးရဖို့ ရည်ရွယ်လုပ်ဆောင်တာထက်ကို ပိုပြီး ဖိနှိပ်အုပ်ချုပ်မှုတွေ လုပ်ဖို့ရည်ရွယ်တာ၊ ဖမ်းဆီး ဖမ်းဆီးခံရသူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာတွေ လုပ်ဖို့ ရည်ရွယ်တာလို့ ခန့်မှန်းရပါတယ်။  ခုလာမယ့် ၆ လတာအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စစ်ရေးအရ အဓိကကျတဲ့ စခန်းတွေကို လေကြောင်းက တိုက်ခိုက်တာတွေ ပိုလုပ်လာနိုင်ခြေလည်း ရှိတယ်လို့ မှန်းဆရပါတယ်။ စစ်ကောင်စီအနေနဲ့ PDF တွေကို လက်နက်နဲ့ သင်တန်းတွေပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ပင်မစခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေ တိုးလုပ်လာနိုင်ခြေရှိပါတယ်။ 

တဖက်မှာ နယ်မြေတွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့က ကားလမ်း ရေလမ်းတွေကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့ မြေပြင်စစ်ဆင်ရေးထက် လေကြောင်းက တိုက်ခိုက်မှုကိုသာ ပိုအားကိုးလာမယ့် လက္ခဏာတွေလည်း တွေ့နေရတာ ဖြစ်ပါတယ်။ 

အခုလိုကာလတွေမှာ စစ်ကောင်စီ ဖြုတ်ချရေး ဦးတည်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အင်အားစုတွေအနေနဲ့ တဖက်ရန်သူရဲ့ မဟာဗျူဟာကို အကဲဖြတ်ပြီး မိမိတို့ရဲ့ အားသာချက်၊ ဆန့်ကျင်ဘက်လက်နက်ကိုင် အင်အားစုတွေရဲ့ စုစည်းမှုရှိတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ တိုက်ခိုက်တုံ့ပြန်နိုင်ဖို့လည်း အရေးကြီးလှပါတယ်။ 

ရန်သူ စစ်ကောင်စီလက်နက်ကိုင် တပ်တွေ ပြိုလာဖို့ လုပ်ဆောင်တာ ကြိုးစားတာ မျှော်လင့်ခြင်းဟာ မမှားသော်လည်း ဒီလို စစ်ကောင်စီတပ်ပြိုကွဲဖို့ထက် ရန်သူ့မဟာဗျူဟာ၊ နည်းဗျူဟာတွေကို တုံ့ပြန်အနိုင်ယူမယ့် မိမိတို့ဘက်က မဟာဗျူဟာက ပိုအရေးကြီးတာလည်း ဖြစ်ပါတယ်။

Related Posts

Translate »